Saturday, May 31, 2014

သူဌေးဖြစ်မဲ့သူနှင့်သာမန်သူဟာ ဘာကွာခြားသလဲ။

၀၁.သူဌေးဖြစ်မယ့်သူကတော့ လွတ်လပ်စွာ နေထိုင်နိုင်ဖို့အတွက် ပိုက်ဆံကို ရင်းနှီးပေမယ့်၊ သာမန်လူကတော့နောင်ရေးကိုတွေးပြီးပိုက်ဆံကိုစုလေ့ရှိတယ်။

၀၂.သူဌေးဖြစ်မယ့်သူကတော့ကိုယ်အပေါ်ကျေးဇူးရှိတဲ့သူအတွက်ပိုက်ဆံကိုသုံးဖို့ မနှမြော
ပေမယ့်၊ သာမန်သူကတော့ စုထားတဲ့ပိုက်ဆံလေးကုန်သွားမှာကို စိုးရိမ်ပြီး နည်းနည်းပဲ သုံးလေ့ရှိတယ်။

၀၃.သူဌေးဖြစ်မယ့်သူကတော့ဆုံးရှူံးသွားတဲ့ပိုက်ဆံကိုနောင်ပြန်ရှာရင်ရတာပဲလို့တွေးပြီးသာမန်သူကတော့ဆုံးရှူံးသွားတဲ့ပိုက်ဆံကိုတွေးပြီးရင်းတွေးလေ့ရှိတယ်။

၀၄.သူဌေးဖြစ်မယ့်သူကတော့ပိုက်ဆံမရှိလဲဘဝကိုဘယ်လိုပျော်အောင်နေရမလဲဆိုတာကို နားလည်တယ်။သာမန်သူကတော့ ပိုက်ဆံမရှိရင် ဘဝကို ပျော်ရွှင်အောင်နေလို့မရဘူးလို့ ထင်နေတတ်တယ်။

၀၅.သူဌေးဖြစ်မယ့်သူကတော့အနာဂတ်မှာဝင်ငွေကိုပိုများအောင်ဘယ်လိုလုပ်မလဲကိုတာကို စဉ်းစားပြီး၊သာမန်သူကတော့ အနာဂတ်မှာ ဝင်ငွေမရှိရင် ဘယ်လိုလုပ်မလဲဆိုတာကိုတွေးနေတတ်တယ်။

၀၆. သူဌေးဖြစ်မယ့်သူကတော့ ပိုက်ဆံကို ကိုယ့်ဟာကို ထိန်းသိမ်းရမယ်လို့ စဉ်းစားပြီးသာမန်သူကတော့ဘဏ်မှာထည့်ထားရင်စိတ်ချမ်းသာနေတတ်တယ်။

၀၇.သူဌေးဖြစ်မယ့်သူကတော့ခရီးသွားရင်ခရီးမှာတွေ့ခဲ့တဲ့အတွေ့အကြုံအသစ်တွေကိုရှာတတ်ပင်မဲ့သာမန်သူကတော့ခရီးမှာနေစဉ်ဘဝကိုမ့ပစ်ဖို့ကြိုးစားပါတယ်။

၀၈. သူဌေးဖြစ်မယ့်သူကတော့ ကိုယ့်ရဲ့လုပ်ငန်းကိုအောင်မြင်မယ်လို့ ယုံကြည်ပြီး အလုပ်လုပ်ပင်မဲ့ သာမန်သူကတော့ ငွေစုစာရင်းထဲက စုစုပေါင်းငွေ အပေါ်မှာ ကိုယ့်ရဲ့တန်ဖိုးကို ဆုံးဖြတ်လေ့ရှိတယ်။

၀၉. သူဌေးဖြစ်မယ့်သူကတော့ကျန်းမာရေးအတွက်စဉ်းစားပြီးသေသေချာချာ စားသောက်တတ်
ပေမယ့်၊ သာမန်သူကတော့ ပိုက်ဆံကိုချွှေတာပြီး ဖြစ်သလို စားတတ်သည်။

၁၀.သူဌေးဖြစ်မယ့်သူကတော့လူတွေအတွက်ဘာအကျိုးရှိအောင်လုပ်ရမလဲဆိုတာကိုစဉ်းစားပြီးသာမန်သူကတော့သူတပါးဆီကဘာကိုရမလဲဆိုတာကိုပဲ စဉ်စားလေ့ရှိ၏။

×××××××××××××××××××××××××××

Happniess is to you
Ref. Allabout

Monday, May 5, 2014

ဘွဲ့ရပြီး အလုပ်အကိုင် အခွင့်အလမ်း ရှားပါးနေတယ်ဆိုတာ ကြိမ်းသေပြီလား? (အလုပ်အကိုင် အခွင့်အလမ်းအတွက် အကျိုးတစ်ခုခု ဖြစ်ထွန်းမယ်လို့ မျှော်လင့်လျက်)


ဘွဲ့ရပြီး အလုပ်အကိုင် အခွင့်အလမ်း ရှားပါးနေတယ်ဆိုတာ ကြိမ်းသေပြီလား?
ကျွန်တော်တို့ နိုင်ငံမှာ ဘွဲ့ရပြီးကာစ လူငယ်တွေ၊ တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူတွေနဲ့ သူတို့ရဲ့ မိဘတွေ အမြဲတမ်း တွေးပူနေတဲ့ အကြောင်းအရာတွေထဲမှာ အလုပ်အကိုင်အခွင့်အလမ်းလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ “ဘွဲ့ရ အလုပ်မရှိ” ဆိုတဲ့ စကားဟာ လူငယ်တော်တော်များများ သူလိုကိုယ်လိုတွေထဲမှာ အလွန်ခေတ်စားတဲ့ စကားလုံး ဖြစ်လာခဲ့ပြီး ဘွဲ့လက်မှတ်ဆိုတဲ့ အရာကတော့ အသက်မွေးဝမ်းကြောင်းထက် ဂုဏ်သိက္ခာတစ်ခုလိုပဲ ဖြစ်လာခဲ့ပါတယ်။ ဒီအကြောင်းအရာတွေဟာ ကျွန်တော်တို့ မပြောင်းလဲနိုင်သေးတဲ့ စနစ်များရဲ့ ရိုက်ခက်မှုဒဏ်ကြောင့် ဖြစ်လာခဲ့ရတာကိုလည်း ကျွန်တော် မငြင်းလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ မပြောင်းလဲနိုင်တဲ့ အပိုင်းကို အပြစ်ဖို့နေ သူတွေကိုတော့ သူတို့ရဲ့ တန်ဖိုးရှိတဲ့ လူငယ်ဘ၀အချိန်တွေကို အလဟာသဖြုန်းရာကျတယ်လို့ပဲ မြင်မိပါတယ်။
ကျွန်တော်တို့ တက္ကသိုလ်ဘွဲ့ရတွေ အားလုံး တက္ကသိုလ်ဝင်ခွင့်ဆိုတဲ့ ဆယ်တန်းစာမေးပွဲကြီးကို ဖြတ်သန်းလာခဲ့ကြတာပါ။ ယနေ့ခေတ်ကာလမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုပြီးသူတိုင်း အင်္ဂလိပ်စာ၊ တရုတ်စာ၊ LCCI၊ ကွန်ပြူတာ စတဲ့ သင်တန်းတွေကို မတတ်မဖြစ်ဆိုသလို တတ်ရောက်သင်ယူလေ့လာကြတာကိုလည်းတွေ့ရပါတယ်။ တက္ကသိုလ် ပထမနှစ် မရောက်ခင်ကတည်းက ဘာသာစကား၊ ကွန်ပြူတာအခြေခံ၊ စီးပွားရေးအကြောင်းအခြေခံ စတာတွေကို နားလည်တတ်ကျွမ်းခွင့်ရှိနေတာကိုက ကောင်းတဲ့အချက်ပါ။ ဒါပေမဲ့လည်း တချို့သော တက္ကသိုလ်ကျောင်းပြီးသွားချိန် ဘွဲ့ရပြီးသူများ Certificate ရဖို့အတွက် သီးသန့်ထပ်တတ်တဲ့ အပိုသင်တန်းတွေဟာလည်း ဆယ်တန်းစာမေးပွဲကြီး ဖြေဆိုအောင်မြင်ချိန်က တတ်ခဲ့တဲ့ သင်တန်းတွေနဲ့ ထပ်တူဖြစ်နေတာကတော့ နားမလည်နိုင်စရာပါ။
တက္ကသိုလ်ဘွဲ့ရပြီး အလုပ်လက်မဲ့ ဖြစ်နေတဲ့ လူငယ်တွေမှာ ဘာကြောင့် အလုပ်လက်မဲ့ ဖြစ်နေရတယ်ဆိုတဲ့ အကြောင်းကို ကျွန်တော် လေ့လာခဲ့ရာမှာတော့ အဓိက အချက်တစ်ခုကိုသာ သွားတွေ့ပါတယ်။ အဲ့ဒါကတော့ လုပ်ငန်းအတွေ့အကြုံပါ။ အနည်းဆုံး လုပ်သက် နှစ်နှစ်၊ သုံးနှစ်လောက်ရှိတဲ့ အလုပ်တွေရဲ့ လစာကိုမှ သူတို့က စိတ်ဝင်စားကြပြီး လုပ်ငန်းအတွေ့အကြုံမလိုဆိုတဲ့ အလုပ်တွေအတွက်တော့ လစာအားဖြင့်လည်းကောင်း၊ ရာထူးအားဖြင့်လည်းကောင်း စိတ်ဝင်စားခြင်း မရှိကြပါဘူး။ နောက်ထပ် စိန်ခေါ်မှုလို့ ဆိုရမယ့် အကြောင်းအရာတွေကတော့ အင်္ဂလိပ်စာ၊ အင်တာနက်နှင့် ကွန်ပြူတာ ဖြစ်နိုင်ပါတယ်။ နည်းပညာခေတ်ဖြစ်တာကြောင့် သုံးမျိုးစလုံးက လုပ်ငန်းခွင်တိုင်းမှာ တကယ်မရှိမဖြစ် လိုအပ်နေသလို နည်းပညာခေတ်မှာ မွေးဖွားလာခဲ့တဲ့ ကျွန်တော်တို့ လူငယ်တွေဟာလည်း အင်တာနက်နဲ့ ကွန်ပြူတာအခြေခံအတွက်တော့ အထူးတလည် ကြိုးစားအားထုတ် လေ့လာဖို့ လိုမယ်မထင်ပါဘူး (နည်းပညာလောကသားများကို အထင်သေးခြင်းမဟုတ်ပါ အခြေခံ MS Word, internet, email အသုံးပြုခြင်းကို ဆိုလိုခြင်းဖြစ်သည်)။
“ဒါဆို အလုပ်ဘယ်လိုရအောင် လုပ်ရမလဲ?” ဒီစာကို ဖတ်ရင်း ကျွန်တော့်ကို မေးချင်နေတဲ့ စာဖတ်သူမိတ်ဆွေရဲ့ မေးခွန်း ဖြစ်နိုင်ပါတယ်။ အောက်မှာ ကျွန်တော် ပေးထားတဲ့ နည်းလမ်းတွေကို အသုံးပြုကြည့်ရင်တော့ အလုပ်ရမယ်လို့ အာမမခံနိုင်ပေမဲ့ ဘာမှ မလုပ်ဘဲ နေတာထက် စာရင် အနည်းငယ် အကျိုးရှိမယ့် နည်းလမ်းလေးတွေ ဖြစ်လိမ့်မယ်တော့ ပြောရဲပါတယ်။
(၁) CV Form ရေးခြင်း
လုပ်ငန်းခွင်မ၀င်ခင်၊ အလုပ်အင်တာဗျူး မဖြေခင် အလုပ်ရှင်က အရင်ဆုံး မြင်တွေ့နိုင်တဲ့ ကိုယ့်အကြောင်းကိုယ် ဖော်ပြနိုင်ခွင့်ရှိတဲ့ စာရွက်တစ်စုံပါ။ အလုပ်ရှင်က ကိုယ့်ကို အင်တာဗျူးခေါ်ဖို့ ဆက်သွယ်သင့်လား မသင့်လားကို CV form ကို ကြည့်ပြီး ဆုံးဖြတ်လေ့ရှိတာကြောင့် CV form မှာ First Impression ရဖို့ အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့် အသင့်ပြုလုပ်ပြီးသား ၅၀ကျပ်၊ ၁၀၀ကျပ်တန် CV form စာရွက်တွေကို ၀ယ်ဖြည့်မဲ့ အစား ကိုယ်တိုင် CV တစ်ရွက်လောက် လုပ်ကြည့်ပြီး အလုပ်ရှင်ထံပေးတာက ပိုအဆင်ပြေပါတယ်။ Online ပေါ်မှာ ကိုယ်တိုင် CV ပြုလုပ်နိုင်တဲ့ site တွေကတော့ http://www.resume.com, http://cvmrk.com ဖြစ်ပါတယ်။ ကွန်ပြူတာထဲမှာ ကိုယ်တိုင် Word နဲ့ စိတ်ကြိုက် CV ပြုလုပ်ဖို့အတွက်တော့ Google Image မှာ “Professional CV” လို့ ရှာဖွေပြီး လေ့လာ ပြုလုပ်နိုင်ပါတယ်။
(၂) LinkedIn Account ပြုလုပ်ထားပါ
“LinkedIn” ဆိုတဲ့ စကားကို ရင်းနှီးသူ ရှိသလို အနည်းငယ် စိမ်းနေတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ www.linkedin.com ဆိုတာကတော့ ကမ္ဘာတစ်ဝန်း စီးပွားရေးလုပ်ငန်းပိုင်းမှ လူများစွာ အသုံးပြုကြတဲ့ Facebook လိုမျိုး အနည်းငယ်ဆင်တူတဲ့ လူမှုကွန်ရက်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ CV form ထဲမှာ အလုပ်ရှင်နဲ့ ရင်းနှီးမှုလွယ်အောင် မိမိ Facebook link ထည့်ပေးထာထက် စာလို့ရှိရင် LinkedIn link ထည့်ပေးတာကို လုပ်ငန်းရှင်များက ပိုပြီး သဘောကျလေ့ ရှိပါတယ်။ ကျွန်တော့် LinkedIn Account ကတော့ www.linkedin.com/in/winkokoaung ပါ။
(၃) Professional ဆန်သည့် email address ရှိပါစေ
လုပ်ငန်းခွင်အတွက် CV form ဖြည့်သည့် အချိန်မှာ ကိုယ့် email address ကို ထည့်ရေးရလေ့ရှိပါတယ်။ ဒါပေမဲ့ မိမိ email address ဟာ လုပ်ငန်းနဲ့ မသက်ဆိုင်ဘဲ romantic ဆန်နေသည့် အမည်မျိုး၊ ဘာအဓိပ္ပါယ်မှန်းမသိသည့် အမည်မျိုး ဖြစ်နေရင်တော့ စာဖတ်သူမိတ်ဆွေအတွက် impression ရနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်အမည် သို့မဟုတ် အမည်နှင့် ဂဏန်းနံပါတ်တစ်ခုခု ပါတဲ့ email address ကို အသစ်ဖွင့်ပြီး personal အသုံးပြုပါ။ gmail မှာ ကိုယ်လိုချင်တဲ့ address မရခဲ့ရင်လည်း yahoo, outlook, AOL စတဲ့ email service တွေ ရှိနေတာကိုလည်း သတိပြုပါ။
(၄) Certificate အတွက် သင်တန်းတတ်တာလား?
သေချာစဉ်းစားပါ။ ကိုယ့်စိတ်ထဲမှာ ကိုယ်ပြန်ဖြေကြည့်ပါ။ သင်တန်းတစ်ခုကို ဘာကြောင့်တတ်တာလဲ? အသိပညာ အတတ်ပညာ အတွက် တတ်သူများ ရှိပေမဲ့ Certificate အတွက် တစ်ခုတည်းသာ အာရုံစိုက်ပြီး တတ်သူများလည်း ရှိပါတယ်။ တကယ် လက်တွေ့ မကြာခဏ မြင်ဖူးပါတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က လက်ရှိအလုပ်မှာ Certificate ပြပြီး ရာထူးထက်တိုးဖို့ (သို့) ကိုယ်ဝင်ရောက်မယ့် လုပ်ငန်းခွင်တစ်နေရာအတွက် သေချာအောင်လို့ ဆိုတဲ့ ရည်ရွယ်ချက်ပါ။ ကာလအခြေအနေအရ Certificate က အရေးမကြီးဘူး မဆိုလိုပါဘူး၊ အာမခံလက်မှတ်တစ်ခုအနေနဲ့ ရှိနေကြောင်းကိုတော့ လက်ခံပါတယ်။ အကယ်၍ အကြောင်းကြောင်းကြောင့် လုပ်ငန်းခွင် အင်တာဗျူးမှာ Certificate မပြနိုင်ခဲ့ရင်တောင် CV ထဲမှာ ထည့်ရေးပါ။ လုပ်ငန်းရှင်ဘက်က Certificate အကြောင်း မေးခဲ့ရင်တော့ ကိုယ်လေ့လာထားတာကို ချပြလိုက်ရုံပါပဲ။ ပညာတတ်ပြီး Certificate မရှိလို့ အလုပ်မခန့်ဘူးဆိုတဲ့ လုပ်ငန်းရှင် မရှိပါဘူး။
(၅) အလုပ်ဘယ်မှာ ရှာမလဲ?
ဟုတ်ပါပြီ။ အပေါ်က အချက်တွေကို လုပ်နိုင်ပါပြီ။ အဆက်အသွယ် မကောင်းလို့ အလုပ်ဘယ်မှာ ရှာရမှန်းမသိဘူး။ အေဂျင်စီနဲ့လည်း မသွားချင်ဘူး။ ရပါတယ် ကိစ္စမရှိပါဘူး… လူတိုင်း အနည်းဆုံး ဖုန်းတစ်လုံးလောက် ကိုင်ပြီး အင်တာနက်သုံးနေတဲ့ ခေတ်ကြီးမှာ အလုပ်အကိုင်အခွင့်အလမ်း လုံးဝမရှားပါဘူး။ အင်တာနက်ပေါ်မှာဆိုရင် http://www.myjobs.com.mm/, http://www.work.com.mm/ ဆိုဒ်တွေ အပြင် အခြားသော အလုပ်ရှာ ဆိုဒ်တွေ အများကြီးရှိပါတယ်။ ကိုယ်က စိတ်ဝင်စားတဲ့ အလုပ်အကိုင်ကို တွေ့ပြီဆိုရင် email ကနေ အသင့်ရေးထားတဲ့ pdf, docx ဖိုင်နဲ့ CV ပို့လိုက်ရုံပဲ။ ဒါမှမဟုတ်လည်း ဆိုဒ်တွေမှာ ကိုယ့် CV ကို တင်ထားလိုက်ပါ… လုပ်ငန်းရှင်တွေက တွေ့ပြီး နှစ်သက်ရင် သူတို့ဘက်က email ပို့ပြီး job alert လုပ်ကြပါလိမ့်မယ်။
(၆) သင်တန်းတွေလည်း တတ်စရာရှိသေးတယ် full – time မလုပ်ချင်ဘူး
ဖြစ်ပါတယ်။ ကျွန်တော် စောစောက အပေါ်မှာ ပြောထားတဲ့ အလုပ်အကိုင်ရှာဖွေဆိုဒ်တွေထဲမှာ အချိန်ပိုင်းအလုပ်တွေကိုလည်း ရှာနိုင်ပါတယ်။ ကိုယ်က အင်္ဂလိပ်လို ကျွမ်းကျင်ပြီး နိုင်ငံခြားသားနဲ့ စကားပြောရဲ ဆိုရဲရှိတယ်ဆိုရင်တော့ https://www.elance.com/, https://www.odesk.com/ ဆိုဒ်တွေမှာ register လုပ်ပြီး အလုပ်ရှာဖွေလို့ရပါတယ်။ အဲ့ဒီ site တွေမှာ Project အလိုက် လုပ်ရတဲ့ freelance အလုပ်တွေရှိသလို part – time အလုပ်တွေကိုလည်း ရှာဖွေနိုင်ပါတယ်။ Freelance သမားတွေအတွက် စကားပြန်၊ ဘာသာပြန်တွေနဲ့ web design အလုပ်တွေ ခေတ်စားပါတယ်။
(၇) အလုပ်လုပ်ချင်သော်လည်း…?
အလုပ်လုပ်ချင်ပေမဲ့ နိုင်ငံခြား ကျောင်းသွားတတ်ဖို့ ပြင်ဆင်ရမယ်၊ ဘွဲ့လွန်တန်းတွေ တတ်ဖို့အတွက် ပြင်ဆင်ရမယ်။ ဒါတွေကြောင့် မအားလို့ အလုပ်မလုပ်ဖြစ်ဘူး။ ရပါတယ်… ကိုယ်တိုင် အားလပ်ချိန်မှာ အလုပ်မလုပ်နိုင်ပေမယ့်လည်း လူမှုပတ်ဝန်းကျင်အတွက်ရော၊ အနာဂါတ်အတွက်ရော အကျိုးရှိစေမယ့် လုပ်ငန်းမျိုးကိုလုပ်ကြည့်ပါ။ Forbes မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ စစ်တမ်းအရ နိုင်ငံတကာ လုပ်ငန်းရှင် ငါးယောက်မှာ တစ်ယောက်က လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားခဲ့ခြင်းကို လုပ်ငန်းအတွေ့အကြုံ သဘောလို့ သတ်မှတ်တယ် လို့ ဖော်ပြထားပြီး ကျန်တဲ့ သုံးယောက်ကတော့ လူမှုရေးလုပ်ငန်းအတွေ့အကြုံရှိသူတစ်ယောက်ကို လူမှုရေးလုပ်ငန်း မလှုပ်ရှားဖူးသူနဲ့ ယှဉ်ရင် လူမှုရေးလုပ်ငန်းအတွေ့အကြုံရှိသူကို လုပ်ငန်းခွင်အတွက် ရွေးချယ်လေ့ ရှိတယ်လို့ ဆိုပါတယ်။ လူမှုရေးလုပ်ရှားမှုတွေ ဆောင်ရွက်ဖို့ အဖွဲ့အစည်း မရှိသေးဘူးဆိုရင်တော့ https://www.facebook.com/pages/Myanmar-Youth-Initiative ကို ဆက်သွယ်ပြီး လူမှုရေးလှုပ်ရှားမှုတွေ အတူတကွ ပူးပေါင်းပြုလုပ်နိုင်ပါတယ်။
Win Ko Ko Aung
(Visionary Enterprise)

အလုပ်လက်မဲ့ ဖြစ်နေတဲ့ ကာလကို ဘယ်လိုရင်ဆိုင်မလဲ?


ဆိုလိုတာက အလုပ်မလျှောက်လို့ အလုပ်လက်မဲ့ ဖြစ်နေချိန်ကို ဆိုလိုခြင်း မဟုတ်ဘဲ အလုပ်တစ်ခုက ထွက်ပြီးတဲ့ အချိန် နောက်အလုပ်တစ်ခုကို လျှောက်ဖို့ ရှာဖွေနေဆဲ (သို့) လျှောက်ထားနေဆဲ အချိန်ကို ပြောလိုတာပါ။ အဲ့ဒီကာလကို ဖြတ်သန်းနေရစဉ်အတွင်း ၀င်ငွေမရှိနိုင်ဘူး၊ ကိုယ့်မှာ ထမ်းဆောင်ရမယ့် တာဝန်မရှိပါဘူး။ အလွန်အားလပ်နေတဲ့ ကာလတစ်ခုလို့ ဆိုချင်စရာပါ။ ဒီတော့ လူငယ်တွေအနေနဲ့ ကိုယ်အလုပ်သစ် တစ်ခုမှာ တာဝန်မထမ်းဆောင်ခင် အားလပ်နေတဲ့ အချိန်ကာလအပိုင်းအခြားလေးမှာ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာကို အကြံပေးလိုက်ပါတယ်။
(၁) စာအုပ်ဖတ်ပါ
အလုပ်တွေရှုပ်နေတဲ့ ကာလတုန်းက စာအုပ်ဖတ်ဖြစ်လား ကိုယ်တိုင်သေချာ ပြန်စဉ်းစားကြည့်ပါ။ ခုလို အားလပ်ချိန်ကာလဟာ တကယ့်ကို ကောင်းမွန်တဲ့ စာဖတ်ကာလကြီး တစ်ခုဖြစ်ပါတယ်။ စာအုပ်ဖတ်ရာမှာလည်း ရသစာပေထက် ကိုယ်ဆက်သွားမယ့် အသက်မွေးဝမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ စာပေကို အလေးပေးဖတ်ရှုပြီး နောက်ထပ် အလုပ်သစ်တစ်ခု အတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဘ၀တက်လမ်းအတွက် အကျိုးရှိစေမယ့် စာအုပ်တွေကိုလည်း ရွေးဖတ်စေလိုပါတယ်။ နိုင်ငံခြားစာအုပ်များကို ဖတ်ချင်တယ်ဆိုရင်လည်း သံရုံးများမှ ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်များမှာ အလွယ်တကူ ဌားရမ်းနိုင်ပြီး နာမည်ကျော်ကြားသော စာအုပ်များဆိုလျှင် အင်တာနက်ဝက်ဆိုဒ်များပေါ်မှ တဆင့် လွယ်လင့်တကူ အခမဲ့ pdf ဖိုင် အဖြစ် ရှာဖွေ ရယူနိုင်ပါတယ်။
(၂) ပညာရပ်ဆိုင်ရာ လေ့လာပါ
အလုပ်သစ်ကလည်း ဘယ်အချိန်မှန်းမသိသေးဘူး။ သင်တန်းချိန်တွေနဲ့ တိုက်နေရင် ဘယ်လိုလုပ်မလဲ။ ကိစ္စမရှိပါဘူး… နည်းပညာခေတ်ကြီးထဲမှာ ပညာရေး ဝေးသည် နီးသည်မရှိဘဲ အင်တာနက် အသုံးပြုကာ လွယ်လင့်တကူ လေ့လာလို့ ရနေပါပြီ။ အားလပ်တဲ့ အချိန်၊ အင်တာနက် လိုင်းကောင်းချိန်မှာ အိမ်ကနေတဆင့် လွယ်လင့်တကူ လေ့လာနိုင်တဲ့ အင်တာနက်အခြေပြု ပညာရပ်ဆိုင်ရာ ၀က်ဆိုဒ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
http://www.alison.com/ ပညာရပ်ပေါင်းများစွာကို တစ်နေရာတည်းမှာ အခမဲ့ လေ့လာသင်ယူခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။ Certificate တန်းနဲ့ Diploma တန်း နှစ်မျိုး နှစ်စား ခွဲခြားထားပြီး Chapter အလိုက် assignment section ပါဝင်တာကြောင့် အမှန်တကယ် မလေ့လာဘဲ Course မပြီး မြောက်နိုင်ပါဘူး။ ဥရောပနိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ အိုင်ယာလန်နိုင်ငံ အခြေစိုက် ဒီ ပညာရေးဝက်ဆိုဒ်ဟာ နိုင်ငံတကာမှာတော့ လုပ်ငန်းရှင်များရဲ့ အသိအမှတ်ပြုမှုကို ခံထားရတဲ့ အင်တာနက်ပေါ်မှ ပညာရေးလေ့လာတဲ့ ၀က်ဆိုဒ်ကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
http://www.myownbusiness.org/ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တည်ထောင်ချင်တဲ့ လူငယ်တွေအနေနဲ့ လေ့လာထားသင့်တဲ့ အကြောင်းအရာများစွာ ဒီဝက်ဆိုဒ်မှာ ရှိပါတယ်။ သူဟာလည်း Chapter အလိုက် Notes တွေပေးထားပြီး Chapter အလိုက် Exam တွေလည်း ဖြေဆိုရပါတယ်။ သတ်မှတ်ထားတဲ့ အမှတ်ရမှ Chapter အောင်မြင်တာကြောင့် အမှန်တကယ် လေ့လာထားမှသာ ဖြေဆို အောင်မြင်နိုင်မှာပါ။
http://www.life-global.org/ နိုင်ငံတကာ နည်းပညာ ကုမ္မဏီကြီး တစ်ခုဖြစ်တဲ့ HP မှ ကြီးမှုးပြုလုပ်တဲ့ စွန့်ဦးတီထွင်များအတွက် ပရိုဂရမ်ဖြစ်ပါတယ်။ HP Life Global Entrepreneurship Program ကြောင့် ထူးချွန်အောင်မြင်သွားတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှ လူငယ်များရဲ့ Success Story များကို ဖတ်ရှုနိုင်မှာ ဖြစ်သလို အခြားသော ၀က်ဆိုဒ်များနဲ့ မတူဘဲ သင်ခန်းစာတိုင်းကို မပျင်းရိရအောင် Game ပုံစံ အမေးအဖြေ ပုံစံမျိုးနဲ့ ပြုလုပ်ထားပါတယ်။
(၃) အခြားသော လူမှုကွန်ရက်များထက် LinkedIn ကို ပိုသုံးပါ
ပျင်းပျင်းရှိနဲ့ Facebook မှာ status တွေတင်၊ like တွေ လျှောက် နှိပ် လုပ်မဲ့ အစား LinkedIn ကို ပိုပြီး သုံးဖို့ အကြံပေးလိုပါတယ်။ LinkedIn ဆိုတာကတော့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းနယ်ပယ်ပေါင်းစုံမှ Professional များ စုစုံရာ Social Network တစ်ခုပါ။ အဲ့ဒီမှာ တစ်နေ့တာအတွက် စီးပွားရေးဆိုင်ရာ သတင်းဆောင်းပါးများကို ဖော်ပြပေးပြီး Facebook သုံးနေတာထက်စာရင် စီးပွားရေးဆိုင်ရာ မိတ်ဆွေလည်း တိုးပွားလာနိုင်သလို အခွင့်အလမ်းလည်း ရှိလာနိုင်ပါတယ်။
(၄) အချစ်အကြောင်းများကို မေ့ထားပါ
ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ အလွန်အားလပ်နေတဲ့ ကာလဖြစ်တာကြောင့် အချစ်အကြောင်း စဉ်းစားချင် စဉ်းစားနေနိုင်ပါတယ်။ အချစ်ဟောင်းကို လွမ်းဆွတ်နေသလို အချစ်သစ်ကိုလည်း ရှာချင်ရှာပါလိမ့်မယ်။ ရည်မှန်းချက်ရှိတဲ့ လူငယ်တစ်ယောက်အနေနဲ့ လေ့လာလိုစိတ် သင်ယူလိုစိတ် ပြင်းထန်နေချိန်မှာ အချစ်အကြောင်းကို မေ့ထားတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အချစ်ဆိုတဲ့ အရာဟာ လူငယ်တစ်ယောက်ရဲ့ ရည်မှန်းချက်တွေ၊ လေ့လာလိုစိတ်တွေ၊ သင်ယူလိုစိတ်တွေ ကို လုံးဝအဆုံးထိ ဆွဲချသွားနိုင်တာကြောင့်ပါ။
(၅) ကိုယ်ပိုင်လုပ်ငန်း တည်ထောင်ဖို့ ကြိုးစားကြည့်ပါ
အလုပ်ထွက်ပြီး အလုပ်သစ်လျှောက်တဲ့ အချိန်မှာ အလုပ်သစ်ကလည်း သိပ်အဆင်မပြေလို့ စိတ်ညစ်နေပြီပေါ့။ မပူပါနဲ့… သူတစ်ပါးစေမှ အလုပ်လို့ မထင်ပါနဲ့။ ကိုယ့်ရဲ့ လုပ်ငန်းခွင် အတွေ့အကြုံ၊ သင်ကြားခဲ့ဖူးတဲ့ စာတွေ့အကြောင်းအရာတွေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် ကျွမ်းကျင်မှု ပေါင်းပြီး လုပ်ငန်း တစ်ခု တည်ထောင်ဖို့ စိတ်ကူးကြည့်ပါ။ မဖြစ်နိုင်ဘူးဆိုတာ လုံးဝမရှိပါဘူး… ဒီခေတ်မှာ ပိုက်ဆံထက် idea က အဓိကကျနေပါပြီ။ အလုပ်သစ် လျှောက်ရာမှာ အဆင်မပြေတာကြောင့် ကိုယ်ပိုင်လုပ်ငန်း ထူထောင်ပြီး အောင်မြင်သွားခဲ့တဲ့ လူတွေ ကမ္ဘာပေါ်မှာ အများအပြားရှိပါတယ်။ အဲ့ထဲက အထင်ရှားဆုံး အကြောင်းကတော့ Honda ကားကုမ္မဏီကို တည်ထောင်ခဲ့တဲ့ Soichiro Honda ဖြစ်ပါတယ်။ သူဟာ Toyota ကုမ္မဏီမှာ အင်ဂျင်နီယာ ရာထူးနဲ့ အလုပ်လျှောက်ခဲ့ပေမဲ့ Toyota ၀န်ထမ်းတစ်ယောက်အနေနဲ့ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။ တကယ်လို့သာ Soichiro Honda တစ်ယောက် Toyota မှာ အရွေးချယ် ခံရရင် Honda ကားကုမ္မဏီ ပေါ်လာဖွယ် ရှိမှာလည်း မဟုတ်တော့ပါဘူး။
Win Ko Ko Aung
(Visionary Enterprise)