Monday, May 5, 2014

အလုပ်လက်မဲ့ ဖြစ်နေတဲ့ ကာလကို ဘယ်လိုရင်ဆိုင်မလဲ?


ဆိုလိုတာက အလုပ်မလျှောက်လို့ အလုပ်လက်မဲ့ ဖြစ်နေချိန်ကို ဆိုလိုခြင်း မဟုတ်ဘဲ အလုပ်တစ်ခုက ထွက်ပြီးတဲ့ အချိန် နောက်အလုပ်တစ်ခုကို လျှောက်ဖို့ ရှာဖွေနေဆဲ (သို့) လျှောက်ထားနေဆဲ အချိန်ကို ပြောလိုတာပါ။ အဲ့ဒီကာလကို ဖြတ်သန်းနေရစဉ်အတွင်း ၀င်ငွေမရှိနိုင်ဘူး၊ ကိုယ့်မှာ ထမ်းဆောင်ရမယ့် တာဝန်မရှိပါဘူး။ အလွန်အားလပ်နေတဲ့ ကာလတစ်ခုလို့ ဆိုချင်စရာပါ။ ဒီတော့ လူငယ်တွေအနေနဲ့ ကိုယ်အလုပ်သစ် တစ်ခုမှာ တာဝန်မထမ်းဆောင်ခင် အားလပ်နေတဲ့ အချိန်ကာလအပိုင်းအခြားလေးမှာ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာကို အကြံပေးလိုက်ပါတယ်။
(၁) စာအုပ်ဖတ်ပါ
အလုပ်တွေရှုပ်နေတဲ့ ကာလတုန်းက စာအုပ်ဖတ်ဖြစ်လား ကိုယ်တိုင်သေချာ ပြန်စဉ်းစားကြည့်ပါ။ ခုလို အားလပ်ချိန်ကာလဟာ တကယ့်ကို ကောင်းမွန်တဲ့ စာဖတ်ကာလကြီး တစ်ခုဖြစ်ပါတယ်။ စာအုပ်ဖတ်ရာမှာလည်း ရသစာပေထက် ကိုယ်ဆက်သွားမယ့် အသက်မွေးဝမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ စာပေကို အလေးပေးဖတ်ရှုပြီး နောက်ထပ် အလုပ်သစ်တစ်ခု အတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဘ၀တက်လမ်းအတွက် အကျိုးရှိစေမယ့် စာအုပ်တွေကိုလည်း ရွေးဖတ်စေလိုပါတယ်။ နိုင်ငံခြားစာအုပ်များကို ဖတ်ချင်တယ်ဆိုရင်လည်း သံရုံးများမှ ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်များမှာ အလွယ်တကူ ဌားရမ်းနိုင်ပြီး နာမည်ကျော်ကြားသော စာအုပ်များဆိုလျှင် အင်တာနက်ဝက်ဆိုဒ်များပေါ်မှ တဆင့် လွယ်လင့်တကူ အခမဲ့ pdf ဖိုင် အဖြစ် ရှာဖွေ ရယူနိုင်ပါတယ်။
(၂) ပညာရပ်ဆိုင်ရာ လေ့လာပါ
အလုပ်သစ်ကလည်း ဘယ်အချိန်မှန်းမသိသေးဘူး။ သင်တန်းချိန်တွေနဲ့ တိုက်နေရင် ဘယ်လိုလုပ်မလဲ။ ကိစ္စမရှိပါဘူး… နည်းပညာခေတ်ကြီးထဲမှာ ပညာရေး ဝေးသည် နီးသည်မရှိဘဲ အင်တာနက် အသုံးပြုကာ လွယ်လင့်တကူ လေ့လာလို့ ရနေပါပြီ။ အားလပ်တဲ့ အချိန်၊ အင်တာနက် လိုင်းကောင်းချိန်မှာ အိမ်ကနေတဆင့် လွယ်လင့်တကူ လေ့လာနိုင်တဲ့ အင်တာနက်အခြေပြု ပညာရပ်ဆိုင်ရာ ၀က်ဆိုဒ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
http://www.alison.com/ ပညာရပ်ပေါင်းများစွာကို တစ်နေရာတည်းမှာ အခမဲ့ လေ့လာသင်ယူခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။ Certificate တန်းနဲ့ Diploma တန်း နှစ်မျိုး နှစ်စား ခွဲခြားထားပြီး Chapter အလိုက် assignment section ပါဝင်တာကြောင့် အမှန်တကယ် မလေ့လာဘဲ Course မပြီး မြောက်နိုင်ပါဘူး။ ဥရောပနိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ အိုင်ယာလန်နိုင်ငံ အခြေစိုက် ဒီ ပညာရေးဝက်ဆိုဒ်ဟာ နိုင်ငံတကာမှာတော့ လုပ်ငန်းရှင်များရဲ့ အသိအမှတ်ပြုမှုကို ခံထားရတဲ့ အင်တာနက်ပေါ်မှ ပညာရေးလေ့လာတဲ့ ၀က်ဆိုဒ်ကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
http://www.myownbusiness.org/ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တည်ထောင်ချင်တဲ့ လူငယ်တွေအနေနဲ့ လေ့လာထားသင့်တဲ့ အကြောင်းအရာများစွာ ဒီဝက်ဆိုဒ်မှာ ရှိပါတယ်။ သူဟာလည်း Chapter အလိုက် Notes တွေပေးထားပြီး Chapter အလိုက် Exam တွေလည်း ဖြေဆိုရပါတယ်။ သတ်မှတ်ထားတဲ့ အမှတ်ရမှ Chapter အောင်မြင်တာကြောင့် အမှန်တကယ် လေ့လာထားမှသာ ဖြေဆို အောင်မြင်နိုင်မှာပါ။
http://www.life-global.org/ နိုင်ငံတကာ နည်းပညာ ကုမ္မဏီကြီး တစ်ခုဖြစ်တဲ့ HP မှ ကြီးမှုးပြုလုပ်တဲ့ စွန့်ဦးတီထွင်များအတွက် ပရိုဂရမ်ဖြစ်ပါတယ်။ HP Life Global Entrepreneurship Program ကြောင့် ထူးချွန်အောင်မြင်သွားတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှ လူငယ်များရဲ့ Success Story များကို ဖတ်ရှုနိုင်မှာ ဖြစ်သလို အခြားသော ၀က်ဆိုဒ်များနဲ့ မတူဘဲ သင်ခန်းစာတိုင်းကို မပျင်းရိရအောင် Game ပုံစံ အမေးအဖြေ ပုံစံမျိုးနဲ့ ပြုလုပ်ထားပါတယ်။
(၃) အခြားသော လူမှုကွန်ရက်များထက် LinkedIn ကို ပိုသုံးပါ
ပျင်းပျင်းရှိနဲ့ Facebook မှာ status တွေတင်၊ like တွေ လျှောက် နှိပ် လုပ်မဲ့ အစား LinkedIn ကို ပိုပြီး သုံးဖို့ အကြံပေးလိုပါတယ်။ LinkedIn ဆိုတာကတော့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းနယ်ပယ်ပေါင်းစုံမှ Professional များ စုစုံရာ Social Network တစ်ခုပါ။ အဲ့ဒီမှာ တစ်နေ့တာအတွက် စီးပွားရေးဆိုင်ရာ သတင်းဆောင်းပါးများကို ဖော်ပြပေးပြီး Facebook သုံးနေတာထက်စာရင် စီးပွားရေးဆိုင်ရာ မိတ်ဆွေလည်း တိုးပွားလာနိုင်သလို အခွင့်အလမ်းလည်း ရှိလာနိုင်ပါတယ်။
(၄) အချစ်အကြောင်းများကို မေ့ထားပါ
ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ အလွန်အားလပ်နေတဲ့ ကာလဖြစ်တာကြောင့် အချစ်အကြောင်း စဉ်းစားချင် စဉ်းစားနေနိုင်ပါတယ်။ အချစ်ဟောင်းကို လွမ်းဆွတ်နေသလို အချစ်သစ်ကိုလည်း ရှာချင်ရှာပါလိမ့်မယ်။ ရည်မှန်းချက်ရှိတဲ့ လူငယ်တစ်ယောက်အနေနဲ့ လေ့လာလိုစိတ် သင်ယူလိုစိတ် ပြင်းထန်နေချိန်မှာ အချစ်အကြောင်းကို မေ့ထားတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အချစ်ဆိုတဲ့ အရာဟာ လူငယ်တစ်ယောက်ရဲ့ ရည်မှန်းချက်တွေ၊ လေ့လာလိုစိတ်တွေ၊ သင်ယူလိုစိတ်တွေ ကို လုံးဝအဆုံးထိ ဆွဲချသွားနိုင်တာကြောင့်ပါ။
(၅) ကိုယ်ပိုင်လုပ်ငန်း တည်ထောင်ဖို့ ကြိုးစားကြည့်ပါ
အလုပ်ထွက်ပြီး အလုပ်သစ်လျှောက်တဲ့ အချိန်မှာ အလုပ်သစ်ကလည်း သိပ်အဆင်မပြေလို့ စိတ်ညစ်နေပြီပေါ့။ မပူပါနဲ့… သူတစ်ပါးစေမှ အလုပ်လို့ မထင်ပါနဲ့။ ကိုယ့်ရဲ့ လုပ်ငန်းခွင် အတွေ့အကြုံ၊ သင်ကြားခဲ့ဖူးတဲ့ စာတွေ့အကြောင်းအရာတွေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် ကျွမ်းကျင်မှု ပေါင်းပြီး လုပ်ငန်း တစ်ခု တည်ထောင်ဖို့ စိတ်ကူးကြည့်ပါ။ မဖြစ်နိုင်ဘူးဆိုတာ လုံးဝမရှိပါဘူး… ဒီခေတ်မှာ ပိုက်ဆံထက် idea က အဓိကကျနေပါပြီ။ အလုပ်သစ် လျှောက်ရာမှာ အဆင်မပြေတာကြောင့် ကိုယ်ပိုင်လုပ်ငန်း ထူထောင်ပြီး အောင်မြင်သွားခဲ့တဲ့ လူတွေ ကမ္ဘာပေါ်မှာ အများအပြားရှိပါတယ်။ အဲ့ထဲက အထင်ရှားဆုံး အကြောင်းကတော့ Honda ကားကုမ္မဏီကို တည်ထောင်ခဲ့တဲ့ Soichiro Honda ဖြစ်ပါတယ်။ သူဟာ Toyota ကုမ္မဏီမှာ အင်ဂျင်နီယာ ရာထူးနဲ့ အလုပ်လျှောက်ခဲ့ပေမဲ့ Toyota ၀န်ထမ်းတစ်ယောက်အနေနဲ့ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။ တကယ်လို့သာ Soichiro Honda တစ်ယောက် Toyota မှာ အရွေးချယ် ခံရရင် Honda ကားကုမ္မဏီ ပေါ်လာဖွယ် ရှိမှာလည်း မဟုတ်တော့ပါဘူး။
Win Ko Ko Aung
(Visionary Enterprise)

No comments:

Post a Comment